All about insurance

ဝမ်းဝေးကာဗာ (One-Way Coverage) ယူရမလား၊ ဖူးကာဗာ (Full Coverage) ယူရမလား

ကားအာမခံ ဝယ်ယူထားရှိတဲ့အခါမှာ ပထမဆုံး စဉ်းစားဆုံးဖြတ်ရတဲ့ အချက်က ဝမ်းဝေးကာဗာ (One-Way Coverage) ယူရမလား၊ ဖူးကာဗာ (Full Coverage) ယူရမလား ဆိုတာပါပဲ။ ဒီနှစ်ခုရဲ့ ခြားနားပုံကို အရိုးရှင်းဆုံးပြောရရင်

ဝမ်းဝေးကာဗာက အတိုက်ခံရတဲ့သူ ဘက်ကိုဘဲ နှစ်နာကြေးပေးတယ်။ ဖူးကာဗာ က အတိုက်ခံရတဲ့ ဘက်ကိုရော၊ တိုက်တဲ့လူဘက်ကိုရော နှစ်နာကြေးပေးတယ်လို့ အပေါ်ယံ မှတ်ယူနိုင်ပါတယ်။

တနည်းပြောရရင် –

က) ဝမ်းဝေးကာဗာ ဆိုတာ “သူတပါးထိခိုက်မှု အာမခံ” (Liability Insurance) ကိုဆိုလိုတာပါ။ ယာဉ်တိုက်မှုဖြစ်တဲ့အခါ ကိုယ့်အမှားကြောင့် သူတပါးထိခိုက်နှစ်နာသွားတဲ့အပေါ်မှာ ကိုယ်ဘယ်က နစ်နာကြေးပေးရမယ့် ကုန်ကျစရိတ်အတွက် အာမခံ ထားရှိတာ ဖြစ်ပါတယ်။ ဒါက အင်ဒီယားနားပြည်နယ်မှာ မဖြစ်မနေထားရှိရတဲ့ အာမခံ အမျိုးအစား ဖြစ်ပါတယ်။

ခ) ဖူးကာဗာ ဆိုတာက “အလုံးစုံမော်တော်ယာဉ်အာမခံ” (Full Coverage Insurance) ကို ဆိုလိုတာပါ။ သူတပါးကို လျော်ကြေးပေးဖို့အပြင် ကားအာမခံထားရှိသူရဲ့ ကားပျက်စီးဆုံးရှုံးမှုအတွက် ကို ထားရှိတဲ့ အာမခံ ဖြစ်ပါတယ်။ အမှားကျူးလွန်တဲ့သူအတွက် ကျန်းမာရေးအာမခံတော့ မပါဝင်ပါဘူး။ ဒီအာမခံ အမျိုးအစားက မယူမနေရ သတ်မှတ်ချက်မရှိပါဘူး။

အသေးစိတ်ကြည့်မယ်ဆိုရင် –

သူတပါးထိခိုက်မှု အာမခံ (Liability Insurance)

ယာဉ်တိုက်မှု တစ်ခုမှာ အမှားကျူးလွန်တဲ့သူက ထိခိုက်နစ်နာသွားတဲ့ တပါးသူအတွက် ကျန်းမာရေးဆေးကုသစရိတ်နဲ့ ကားအပါအဝင် ပျက်ဆီးသွားတဲ့ ရုပ်ဝတ္တုတွေကို နဂိုပကတိအတိုင်း ပြန်လည်ပြုပြင်ဖို့ ဒါမှမဟုတ် အစားထိုးပေးဖို့ အပြည်အဝ တာဝန်ယူပေးရပါတယ်။ အမှားကျူးလွန်တဲ့သူ အပေါ် ကျရောက်လာတဲ့ ဒီဝန်ထုတ်ဝန်ပိုးကို Liability လို့ ခေါ်တာပါ။

အင်ဒီယားနားပြည်နယ်မှာ ကားတိုင်း “သူတပါးထိခိုက်မှု အာမခံ” မဖြစ်မနေ ထားရှိရပါတယ်။ ဒီအာမခံ မှာ အဓိက အချက် (၃) ချက်ပါဝင်ပါတယ်။ ဒါတွေက

၁။ ထိခိုက်ဒဏ်ယာရသူ တစ်ဦးအတွက် အာမခံ ကုမ္ပဏီဘက်က အများဆုံးပေးရမယ့် နစ်နာကြေးပမာဏ

၂။ ထိခိုက်ဒဏ်ယာရသူ အားလုံးပေါင်းအတွက် အာမခံ ကုမ္ပဏီဘက်က အများဆုံးပေးရမယ့် နစ်နာကြေးပမာဏ

၃။ နှစ်နာသူရဲ့ ပိုင်ဆိုင်မှုအတွက် အာမခံ ကုမ္ပဏီဘက်က အများ ဆုံးပေးရမယ့် နစ်နာကြေးပမာဏ တို့ဖြစ်ပါတယ်။

အင်ဒီယားနားပြည်နယ်မှာ အနည်းဆုံး မဖြစ်မနေထားရှိရမယ့် အာမခံ နစ်နာကြေး ပမာဏ ကို 25/50/25 လို့ သတ်မှတ်ပါတယ်။

ဥပမာ အဖြစ်ပြောရရင် ပြည်နယ်အစိုးရက သတ်မှတ်ထားတဲ့အတိုင်း သူတပါးထိခိုက်မှု အာမခံ ဝမ်းဝေးကာဗာယူထားသူတစ်ယောက်အနေနဲ့ ကိုယ့်အမှားကြောင့် တခြား ကား နှစ်စီးကို တိုက်မိတယ်။ ကား ၂ စီးလုံး ပျက်ဆီးဆုံးရှုံးမှုတွေရှိတယ်။ အဲ့ဒီကား ၂ စီးပေါ်မှာ ပါတဲ့ လူ ၅ ဦးလည်း ဒဏ်ယာ ကိုယ်စီ ရရှိသွားကြတယ် ဆိုပါစို့။

ဒီတော့

က) ပထမ အချက်အရ လူတစ်ဦးအတွက် အာမခံ ကုမ္ပဏီဘက်က အများဆုံး နစ်နာကြေး ဒေါ်လာ ၂၅၀၀၀ အထိ ပေးမယ်လို့ သတ်မှတ်ထားတဲ့အတွက် လူတစ်ဦးကို ဒေါ်လာ ၂၅၀၀၀ အထိ နှစ်နာကြေး ပေးပါတယ်။

ခ) ဒုတိယ အချက်အရ နှစ်နာသူအားလုံးအတွက် အာမခံ ကုမ္ပဏီဘက်က အများဆုံး နှစ်နာကြေး ဒေါ်လာ ၅၀၀၀၀ အထိ ပေးမယ်လို့ သတ်မှတ်ထားတဲ့အတွက် နှစ်နာသူ ၅ ဦးပေါင်းအတွက် စုစုပေါင်း ဒေါ်လာ ၅၀၀၀၀ အထိ နှစ်နာကြေး ပေးပါတယ်။

ဂ) တတိယ အချက်အရ ရုပ်ဝတ္ထုဆုံးရှုံးမှုအတွက် အာမခံ ကုမ္ပဏီဘက်က စုစုပေါင်း ဒေါ်လာ ၂၅၀၀၀ အထိ ပေးမယ်လို့ သတ်မှတ်ထားတဲ့အတွက် ကား နှစ်စီးအတွက် စုစုပေါင်း ဒေါ်လာ ၂၅၀၀၀ အထိ နှစ်နာကြေး ပေးပါတယ်။

ထိခိုက်နှစ်နာမှု များလွန်းတဲ့ အခြေအနေမျိုးမှာ အာမခံ ကုမ္ပဏီဘက်က သတ်မှတ်ထားသလောက် အပြည့်အဝ ပေးပေမယ့် မလုံလောက်တဲ့အခါမှာ အမှားကျူးလွန်သူက လိုငွေ ကို စိုက်ထုတ်ပေးရပါတယ်။ စပ်ကြားကာလမှာ အတိုက်ခံရတဲ့ ကား ၂ စီး ဆီဘက်က အာမခံ ကုမ္ပဏီတွေက အတိုင်းအတာတစ်ခုအထိ စိုက်ထုတ်ထားပေးတဲ့ အစီအစဉ်လည်း ရှိပါတယ်။

အလုံးစုံမော်တော်ယာဉ်အာမခံ (Full Coverage Insurance)

ဖူးကာဗာ လို့ခေါ်တဲ့ အလုံးစုံမော်တော်ယာဉ်အာမခံဟာ သူတပါးထိခိုက်မှု အာမခံ ပြင် အမှားကျူးလွန်သူရဲ့ မော်တော်ယာဉ်အတွက်ကိုပါ ထပ်လောင်းဖြည့်စွက်ထားတဲ့ အာမခံ မျိုးဖြစ်တဲ့အတွက် အမှားကျူးလွန်သူရဲ့ ကားကို ပြန်ပြင်ဖို့ ဒါမှမဟုတ် အစားထိုးအတွက်ကိုလည်း အာမခံ ကုမ္ပဏီဘက်က တာဝန်ယူပေးပါတယ်။ အလုံးစုံမော်တော်ယာဉ်အာမခံ ဆိုလို အကန့်အသတ်မရှိ ဘာဖြစ်ဖြစ် ဖြစ်သလောက် လျော်ပေးမယ် ဆိုတာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ဒီမှာ ယာဉ်တိုက်မှု အာမခံ နဲ့ အထွေထွေစုပေါင်း အာမခံ ဆိုပြီး နှစ်မျိုးရှိပါတယ်။

က) ယာဉ်တိုက်မှု အာမခံ (Collision Insurance) ဆိုတာ ကားမောင်းနေတဲ့အချိန်မှာ တခြားကားကိုဖြစ်ဖြစ်၊ လူကိုဖြစ်ဖြစ်၊ တရိစ္ဆာန်ကိုဖြစ်ဖြစ်၊ အခြားရုပ်ဝတ္ထုကိုဖြစ်ဖြစ် တိုက်မိတဲ့ အခါ ဒါမှမဟုတ် ကားလမ်းဘေးထိုးကျသွားတဲ့အခါ မျိုးမှာလည်း ပျက်စီးသွားတဲ့ ကားအတွက် လျော်ကြေးပြန်ပေးတဲ့ အာမခံ အမျိုးအစားဖြစ်ပါတယ်။

ခ) အထွေထွေစုပေါင်း အာမခံ (Comprehensive Insurance) ဆိုတာ ကားမောင်းနေတဲ့အချိန်မှာမဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကြောင်း ကားပျက်စီးတာဖြစ်ဖြစ်၊ မီးလောင်လို့ဖြစ်ဖြစ်၊ ဖောက်တွင်းခိုးယူမှုကြောင့် ဖြစ်ဖြစ် ပျက်စီးသွားတဲ့ ကားအတွက် လျော်ကြေးပြန်ပေးတဲ့ အာမခံ အမျိုးအစားဖြစ်ပါတယ်။

နှစ်ခုကို ခွဲခြားကြည့်မယ်ဆိုရင် သစ်ပင်ကို ဝင်တိုက်မီရင် ယာဉ်တိုက်မှု အာမခံ (Collision Insurance) နဲ့ အကြုံးဝင်တယ်။ ကားရပ်ထားတဲ့အချိန် သစ်ပင်ကျိုးပြီး ကားပေါ်ကျတယ်ဆိုရင် အထွေထွေစုပေါင်း အာမခံ (Comprehensive Insurance) နဲ့ အကြုံးဝင်ပါတယ်။

ဒီထက်ပိုပြီးပြည့်စုံချင်တယ်ဆိုရင်တော့ ကျန်းမာရေး ဆေးကုသမှု အာမခံ (Medical Coverage) ကို ဖြည့်ထည့်ရပါတယ်။ ဒါက မထားမနေရဆိုပေမယ့် ယာဉ်တိုက်မှု တစ်ခုဖြစ်ရင် အမှားကျူးလွန်သူအပါအဝင် ယာဉ်တိုက်မှုမှာ ပါဝင်သူတိုင်းနဲ့ အကြုံးဝင်တဲ့အတွက် လူအများစုက ကျန်းမာရေး ဆေးကုသမှု အာမခံ ထည့်ပေါင်းကြပါတယ်။

ဝမ်းဝေးကာဗာ (One-Way Coverage) အင်ဒီယားနားပြည်နယ်က မဖြစ်မနေထားရှိရမှာ ဖြစ်လို့ ယူရပေမယ့် ဖူးကာဗာ (Full Coverage) ယူသင့် မယူသင့်ကတော့ ကိုယ့်ကားတန်ဖိုးအပေါ် မူတည်ပြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ကားကို အကြွေးနဲ့ဝယ်ထားရင် ငွေချေးထားပေးတဲ့ ဘဏ်က ဖူးကာဗာ မဖြစ်မနေယူခိုင်းလေ့ရှိပါတယ်။ ဖူးကာဗာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မော်တော်ယာဉ် ဆုံးရှုံးသွားတဲ့အခါ ဘဏ်က ထုတ်ချေးထားပေးတဲ့ ငွေကို အပြည့်အဝ ပြန်လည်တောင်းခံမှာဖြစ်ပါတယ်။ ကားလည်း ဆုံး၊ ကားကြွေးလည်းဆပ်ရမယ့် အခြေအနေမျိုး မဖြစ်ရအောင် ကားကြွေးရှိပြီး တန်ဖိုးကြီးတဲ့ကားတွေအတွက် ဖူးကာဗာထားတာ သင့်လျော်ပေမယ့် တန်ဖိုးနည်းတဲ့ ကားတွေအတွက် ဖူးကာဗာ ထားတာက သိပ်မထူးခြားလှပါဘူး။