All about insurance

အိမ်ပိုင် အာမခံ (Homeowner Insurance) ဆိုတာ

အိမ်ပိုင် အာမခံ ဟာ အများအားဖြင့် အခြေခံသဘောတရားချင်း တူကြပေမယ့် အမျိုးအစားကွဲတွေ အများကြီးရှိပါတယ်။ အိမ်ပိုင် အာမခံမှာ အဓိက ကဏ္ဍနှစ်ခုရှိပါတယ်။ ပထမ တစ်ခုကတော့ အိမ်၊ ဂိုဒေါင်၊ ဝန်းထရံ နဲ့ အိမ်အတွင်းပိုင်းမှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေအပေါ်မှာ အာမခံ ထားတာရယ်၊ ဒုတိယ တစ်ခုကတော့ ကိုယ့်အိမ်မှာ အလည်လာတဲ့ ဧည့်သည်တွေ၊ အိမ်နီးနားချင်းတွေ ကို ထိခိုက်ဒဏ်ယာရရင် ဒါမှမဟုတ် သူတို့ရဲ့ ပစ္စည်းတွေ ပျက်ဆီးဆုံးရှုံးမှုရှိရင် အိမ်ပိုင်ရှင်အစား အာမခံ ကုမ္ပဏီက အစားထိုး အလျော်ပေးရတဲ့ အာမခံမျိုးပဲ ဖြစ်ပါတယ်။

အိမ်ပိုင် အာမခံ မှာ အခြေခံအားဖြင့် မီးလောင်တာ၊ မိုးကြိုးပစ်တာ၊ လေမုန်တိုင်းတိုက်တာ၊ မိုးသီးကျတာ၊ သူခိုးဖောက်ထွက်ဝင်ရောက်တာ တွေကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေပါဝင်ပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့် မြေငလျင်လှုပ်တာ၊ ရေကြီးတာ၊ ရေလျံတာတွေ အတွက် မပါဝင်ပါဘူး။ ဒါတွေအတွက်ကို သီးခြားအာမခံ ထားရှိလို့ ရပါတယ်။

အလျော်ပေးတဲ့အခါမှာတော့ အိမ်ပေါက်ဈေးနဲ့ ပြန်လျော်ပေးတာမျိုးရှိသလို၊ အိမ်ကို နဂိုမူလအတိုင်းဖြစ်အောင် ပြန်ဆောက်ရင် ဒါမဟုတ် ပြန်ပြင်ရင် ကုန်ကျမယ့် ကုန်ကျစရိတ် အတိုင်း ပြန်လျော်ပေးတာမျိုးရှိပါတယ်။ အသစ်အတိုင်း အစားထိုးပြန်လိုချင်တယ်ဆိုရင်တော့ လစဉ်ကြေးပေးတဲ့အခါ ၁၀ ရာခိုင်းနှုန်းလောက် ဈေးပိုပါတယ်။ အိမ်ပြင်နေတဲ့အခိုက်အတန့်မှာ တခြားနေရာမှာ ခဏသွားနေဖို့ ကုန်ကျစရိတ်တွေဖြစ်တဲ့ ဟိုတည်ခန်းခ နဲ့ စားသောက်ဆိုင်တွေမှာ အစားအသောက်ဝယ်စား ရတဲ့ ကုန်ကျစရိတ်တွေအတွက်ပါ အာမခံ ကုမ္ပဏီက အကန့်အသတ်တစ်ခုအထိ ပြန်ပေးပါတယ်။

ဧည့်သည်တွေ၊ အိမ်နီနားချင်းတွေကို အလျော်ပေးဖို့ရာအတွက် အိမ်ပိုင်အာမခံ အများစုမှာ ဒေါ်လာ တစ်သိန်း အထိ အလျော်ပေးနိုင်တဲ့ အာမခံ မျိုး ပါရှိပါတယ်။ ဥပမာ အားဖြင့် ဆိုရရင် ဧည့်သည်တစ်ယောက် ခြေထောက် သံစူးမိလို့ ဆေးကုသစရိတ်၊ ဧည့်သည်ရဲ့ ကားအပေါ် ဒါမှမဟုတ် အိမ်နီးနားချင်းရဲ့ ကားအပေါ် သစ်ပင်ကျိုးကျလို့ ကားပြန်ပြင်ရမယ့် ကုန်ကျစရိတ်တွေအတွက် ဒေါ်လာတစ်သိန်းအထိ အာမခံ ကုမ္ပဏီက ပေးချေတာမျိုးပါ။ ဒေါ်လာ တစ်သိန်း ထက်မက အာမခံ အပိုထားချင်တယ်ဆိုရင်လည်း ရနိုင်ပေမယ့် အများစုအတွက်ကတော့ ဒေါ်လာတစ်သိန်း အာမခံ ဆိုတာ လုံလုံလောက်လောက်ရှိတတ်ကြပါတယ်။

အိမ်ပိုင် အာမခံ ကလည်း တခြား အာမခံ တွေလိုပဲ ပထမဆုံး အိတ်စိုက်ငွေ အကန့်အသတ်ရှိပါတယ်။ ဆိုလိုရင်က အိတ်စိုက်ငွေ ဒေါ်လာ တစ်ထောင် အဖြစ်သတ်မှတ်ထားရင် အကယ်လို့ ပျက်ဆီးဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဒေါ်လာ တစ်ထောင် အိမ်ပိုင်က စိုက်ထုတ်ရပြီး ကျန်တာကို အာမခံ ကုမ္ပဏီ က ပေးပါတယ်။

အိမ်ပိုင် အာမခံ ဟာ ဥပဒေကြောင်းအရ မထားမနေရ ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိတဲ့ အတွက် အိမ်ပိုင်ရှင်အနေနဲ့ အာမခံ မထားလည်း ရပါတယ်။ ဒါပေမယ့် အိမ်ကို ဘဏ်ချေးငွေနဲ့ ဝယ်တယ်ဆိုရင်တော့ အိမ်ဖို့ မကျေမချင်း ဘဏ်က အိမ်ပိုင်အာမခံ ထားခိုင်းလေ့ရှိပါတယ်။ မတော်တဆ ပျက်ဆီးဆုံးရှုံးမှု ရှိရင် ဘဏ်အနေနဲ့ သူတို့ ချေးထားပေးတဲ့ငွေပြန်ရနိုင်ဖို့အတွက် အာမခံ ထားခိုင်တာပါ။ 

အိမ်ငှားထားတဲ့အိမ်တွေဆိုရင် အိမ်ပိုင်ရှင်က ကိုယ့်အိမ်ကိုယ် ကာကွယ်ဖို့ အိမ်ပိုင်အာမခံ ထားနိုင်သလို၊ အိမ်ငှားကလည်း အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ကာကွယ်ဖို့ အာမခံ ထားနိုင်ပါတယ်။

အိမ်ပိုင်အာမခံ လစဉ်ကြေးကို တွက်ချက်တဲ့အခါ

၁။ အိမ်တန်ဖိုး

၂။ အိမ်သက်တန်း

၃။ ဘေးအန္တရာယ် ကျရောက်နိုင်ချေ

၎။ ဘေးပတ်ဝန်းကျင်

အစရှိတာတွေ အဓိကထား ထည့်သွင်းစဉ်းစားပါတယ်။

အိမ်ပိုင် အာမခံ (Homeowner Insurance) ဟာ အိမ် ဝရန်တီ (Home Warranty) နဲ့မတူပါဘူး။ ဝရန်တီက အိမ်အရောင်းအဝယ် လုပ်တဲ့အခါမှာ အိမ်အတွင်းပိုင်းမှာရှိတဲ့ ပစ္စည်းတွေဖြစ်တဲ့ လေပူလေအေး ပေးစက်၊ ရေပူစက်၊ အဝတ်လျော်စက်၊ အဝတ်အခြောက်ခံစက် အစရှိတဲ့ ပစ္စည်းတွေ အပေါ် အာမခံ ထားတာပါ။ ဝရန်တီ အကြောင်းကို သီးခြားခေါင်းစဉ်နဲ့ ရေးသားတင်ပြပါမယ်။