အင်ဒီယားနား ကားအာမခံ၊ အခြေခံ ဝမ်းအိုဝမ်း
ကားလမ်းပေါ်မှာ သွားလာတဲ့အခါ ယာဉ်တိုက်မှု ဆိုတာ ဖြစ်နိုင်ချေရှိတဲ့ ဘေးအန္တရာယ်တစ်ရပ်ပါပဲ။ ကိုယ်က မှားလို့ပဲဖြစ်ဖြစ်၊ တပါးသူက မှားလို့ပဲဖြစ်ဖြစ် ယာဉ်တိုက်မှုကြောင့် ဥစ္စာပစ္စည်း ပျက်စီးရသလို၊ လူကိုလည်း အသက်အန္တရာယ်ဖြစ်စေပါတယ်။ နောက်ဆက်တွဲကတော့ ငွေကြေးကုန်ကျမှုတွေ တစီတတန်း လိုက်ပါလာမှာပါ။ ကားအာမခံ ထားတယ်ဆိုတာ ဒီလို နောက်ဆက်တွဲ ငွေကြေးကုန်ကျမှုတွေကို အပြည့်အဝပဲဖြစ်ဖြစ်၊ တစ်စိုက်တစ်ပိုင်းလောက်ပဲဖြစ်ဖြစ် သက်သာရာရအောင် ကာကွယ်ပေးတဲ့ အကာကွယ်တစ်မျိုးပါ။
အမေရိကန်နိုင်ငံက အခြားပြည်နယ်တွေနည်းတူပဲ အင်ဒီယားနားပြည်နယ်ကလည်း ယာဉ်အာမခံ မထားမနေရ ဥပဒေ တစ်ရပ်ရှိပါတယ်။ အင်ဒီယားနားပြည်နယ်ဟာ “Fault” Car Accident လို့ သတ်မှတ်တဲ့ ပြည်နယ်ပါ။ ဆိုလိုချင်တာက မှားတဲ့သူက ပျက်စီးဆုံးရှုံးမှု မှန်သမျှအတွက် ငွေကြေးကုန်ကျမှုအားလုံးကို တာဝန်ယူပေးရပါတယ်။ ဒါကြောင့် ကိုယ့်အမှားကြောင့် ရင်ဆိုင်ကြုံတွေရတဲ့ ယာဉ်တိုက်မှုရဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ်အတွက် အာမခံထားကြရပါတယ်။ အနိမ့်ဆုံး မထားမနေရ အာမခံ သတ်မှတ်ချက်ကို 25/50/25 လို့ သတ်မှတ်ပါတယ်။ ဒါက
၁။ ယာဉ်တိုက်မှု တစ်ခုဖြစ်တဲ့အခါမှာ လူတစ်ဦးအတွက် လျော်ကြေးပေးဖို့် အနိမ်ဆုံး အာမခံ $25,000
၂။ ယဉ်တိုက်မှု တစ်ခုဖြစ်တဲ့အခါ ပါဝင်သူအားလုံးအတွက် လျော်ကြေးပေးဖို့ စုစုပေါင်း အနိမ်ဆုံး အာမခံ $50,000
၃။ ယဉ်တိုက်မှု တစ်ခုဖြစ်တဲ့အခါ ပျက်ဆီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့် အနိမ့်ဆုံး အာမခံ $25,000
ဒါကြောင့် ဒီသုံးခု ပေါင်းပြီး 25/50/25 လို့ အလွယ်တကူ ပြောကြတာပါ။ ဒါက ကိုယ့်အမှားကြောင့် ထိခိုက်ဒဏ်ယာရသွားသူတွေအတွက် ဆေးဝါးကုသမှုနဲ့ နှစ်နာကြေး ပေးဖို့ရယ်၊ ပျက်စီးဆုံးရှုံးမှုအတွက် အစားထိုးပေးဖို့ရယ်အတွက် ကိုယ်ဘက်က လျော်ပေးရမယ့် တာဝန်ရှိတဲ့အတိုင်း အလျော်ပေးနိုင်အောင် အာမခံ ထားရတာပါ။
အကယ်လို့များ ငွေကြေးချမ်းသာပြီး ငွေပိုငွေလျံရှိနေလို့ ဘေးဖယ်ထားတဲ့ ငွေပိုငွေလျံနဲ့ အလျော်ပေးနိုင်ပါတယ်ဆိုတဲ့ သက်သေမျိုး ပြနိုင်ရင် ကားအာမခံထားဖို့ မလိုပါဘူး။
သဘောတရားကိုပြန်ကြည့်ရင် ကားတစ်စီးတိုင်းအတွက် အဲ့ဒီကားကို မောင်းတဲ့သူရဲ့အမှားကြောင့် လျော်ကြေးပေးဖို့လိုအပ်လာတဲ့အခါ အာမခံ ကုမ္ပဏီက တဆင့်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ငွေနဲ့ပဲဖြစ်ဖြစ် အလျော်ပေးနိုင်ရမယ်ဆိုတဲ့ ဥပဒေမျိုး ပါပဲ။
အကယ်လို့များ ယာဉ်တိုက်မှု ကြီးကြီးမားမားဖြစ်လို့ ကုန်ကျငွေက အာမခံထားတာထက် ပိုနေရင်တော့ ကားမောင်းတဲ့သူက အိတ်စိုက်ပြီး လျော်ပေးရပါတယ်။ ဥပမာ ယာဉ်တိုက်မှုတစ်ခုအတွက် ငါးသောင်းအထိ အာမခံထားပေမယ့် ကိုယ့်အမှားကြောင့် ကား သုံး-လေး စီး ထပ်ဆင့်တိုက်မိလို့ လျော်ကြေး ခြောက်သောင်းပေးရမယ်ဆိုရင် အာမခံကုမ္ပဏီက ငါးသောင်းအထိ လျော်ပေးပြီး ကျန်တဲ့ တစ်သောင်းက အိတ်စိုက်လျော်ပေးရမှာပါ။
ဒါက ကိုယ့်ကြောင့် ထိခိုက်သွားသူတွေကို ပြန်လျော်ပေးဖို့အတွက်သာဖြစ်ပြီး ကိုယ့်ကျန်မာရေးဆေးကုစရိတ်နဲ့ ကိုယ့်ကားပြန်ပြင်ဖို့အတွက် မပါ ပါဘူး။ အာမခံလည်း ထားစရာ မလိုအပ်ပါဘူး။ တဘက်လူကိုပဲ လျော်ပေးရတာဖြစ်လို့ တချို့က One Way (ဝမ်းဝေး) အာမခံ လို့ အလွယ်တကူခေါ်ကြပါတယ်။ ကိုယ့်အတွက်ကိုလည်း အာမခံထားချင်တယ်ဆိုရင်လည်း ထားလို့ရပါတယ်။ ကိုယ်မှားတဲ့အခါ တပါးသူကိုလည်းလျော်ပေးမယ်၊ ကိုယ့်အတွက် ဆေးကုသစရိတ်နဲ့ ကားပြင်စရိတ်ကိုလည်း ရချင်တယ်ဆိုရင်တော့ Full Coverage (ဖူးလ် ကာဗာရိဂ်ျ) ထားလို့ရပါတယ်။ ဒီအကြောင်းကို သီးသန့်ရေးသားတင်ပြပါမယ်။
နောက်ထပ် မထားမနေရ ထားရမယ့် ကားအာမခံ အမျိုးအစားတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ Uninsured Motorist Coverage (UIM) နဲ့ Underinsured Motorist Coverage တွေပဲဖြစ်ပါတယ်။ ဒါကတော့ တပါးသူဆီက လျော်ကြေးရ ရမှာဖြစ်ပေမယ့် လျော်ပေးရမယ့်သူက အပြည့်အဝ လျော်ပေးဖို့ ကားအာမခံ မရှိတဲ့ အခြေအနေ၊ ဒါမှမဟုတ် ကားအာမခံရှိပေမယ့် ပြည့်ပြည့်ဝဝ မလျော်ပေးနိုင်တဲ့အခြေအနေ၊ ဒါမှမဟုတ် ယာဉ်တိုက်ပြီး ထွက်ပြေးသွားတဲ့အခြေအနေ တွေမှာ တာဝန်ရှိသူက မလျော်ပေးနိုင်တဲ့အတွက် ကိုယ်ဝယ်ထားတဲ့ အာမခံ ကုမ္ပဏီကပဲ ကြားဝင်ပြီး အလျော်ပေးရတဲ့ သဘောပါ။ ဒီလိုအာမခံမျိုးက မထားမနေရဆိုပေမယ့် ကားပိုင်ရှင်က သိသိရဲ့နဲ့ ဒီလိုအာမခံ မထားချင်ဘူးလို့ စာရေးပြီး ငြင်းပယ်လို့တော့ ရပါတယ်။ ဒီအကြောင်းကိုလည်း သီးသန့် ခေါင်းစဉ်ခွဲအဖြစ် ရေးသားတင်ပြပါမယ်။

